Saturday, October 17, 2020

အင်တာနက်သမိုင်းအကျဉ်း

အစိုးရနဲ့ သုတေသနပြုလုပ်နေကြတဲ့ တက္ကသိုလ်ဆရာတွေကြား ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုမဲ့အိုင်ဒီယာ စတင် တွင်ကျယ်လာတာကတော့ စစ်အေးခေတ် အစောပိုင်းလောက်ကဖြစ်တယ်။ အဲ့ဒီအချိန်လောက်တုန်းက အမေရိကန်စစ်တပ် တွေမှာ Microwave မိုက်ခရိုဝေ့ဖ်နည်းပညာကို အသုံးပြုပြီး ဆက်သွယ်မှူတွေ ပြုလုပ်ကြရတယ်။ မိုက်ခရိုဝေ့ဖ်တာဝါတိုင်တွေ အတိုက်အခိုက် ခံကြရပြီဆိုရင် ဆက်သွယ်မှုတွေ အဆင်မပြေဖြစ်ရတယ်။ အဲ့ဒါကြောင့် စစ်တပ်တွေဟာ တခြား ဆက်သွယ်နည်း တမျိုးမျိုးကို ရှာကြံနေခဲ့ကြတယ်။

တချိန်တည်းမှာပဲ မိုက်ခရိုဝေ့ဖ်ဆစ်ဂနယ် အားနည်းသွားလို့ ဆက်သွယ်မှု အဆင်မပြေဖြစ်တာကို စိတ်ပျက်နေကြတဲ့ သုတေသနပြု တက္ကသိုလ်ဆရာတွေ ဟာလည်း ကျောင်းအချင်းချင်း ဆက်သွယ်လို့ရမဲ့ တခြားနည်းပညာကို ရှာဖွေနေခဲ့ကြတယ်။ နှစ်ဖွဲ့လုံးဟာ ရည်ရွယ်ချက်တစ်ခုအတွက် စုပေါင်း လုပ်ကိုင်ကြဖို့ သဘောတူသွားခဲ့ကြတယ်။

အဲ့ဒီတုန်းက ကွန်ပျူတာတွေဟာ ဒီနေ့ခေတ်လို မဟုတ်ဘူး အိမ်လောက်ကြီးတဲ့ စူပါကွန်ပျူတာတွေ။ ပြီးတော့ တက္ကသိုလ်တွေ အစိုးရဌာနတွေ ကော်ပိုရေးရှင်းတွေလောက်ပဲ ပိုင်ဆိုင်ခဲ့ကြတယ်။

စစ်အေးခေတ်ရဲ့ အရှိန်အဟုန်မြင့်မားလာတော့ အမေရိကန်ကာကွယ်ရေးစစ်တပ်ဟာ တစ်နေရာ အတိုက်အခိုက်ခံရရုံနဲ့ ဆက်သွယ်မှု ရပ်မသွားစေမဲ့ နည်းပညာကို စတင်ရှာဖွေလာကြတယ်။ အမေရိကန်ကာကွယ်ရေးစစ်တပ်ရဲ့ Arpanet နဲ့ တက္ကသိုလ်တွေရဲ့ Network တွေ ပထမဦးဆုံးအနေနဲ့ ချိတ်ဆက်လာကြတယ်။ အဲ့ဒီအတွက် TCP/IP ပရိုတိုကောလ်ကို တီထွင်ခဲ့ကြတယ်။ Network တွေအများကြီး ချိတ်ဆက်လာကြတော့ အင်တာနက်ဖြစ်ပေါ်လာတယ်။