Thursday, October 22, 2020

ဒိုင်ဗာစီဖီကေးရှင်း

အကောင်းဆုံးရင်းနှီးမြုပ်နှံမှုဟာဘာလဲ?

ခင်ဗျားသိချင်သလို ကျွန်တော်လည်း သိချင်မိတယ်။ ဒီမေးခွန်းရဲ့အဖြေကို လူတော်တော်များများ စိတ်ဝင်စားကြသလို Markowitz မားကော့ဝစ်လည်း စိတ်ဝင်စားခဲ့တယ်။ မားကော့ဝစ်မတိုင်ခင်ကတော့ အဖြေမှန်ကို ဘယ်သူမှမသိခဲ့ကြဘူး။

မားကော့ဝစ်ဟာ သချာင်္ပညာရှင် ဖြစ်ခဲ့သလို စီးပွါးရေးပညာရှင်လည်းဖြစ်ခဲ့တယ်။ တနေ့ မားကော့ဝစ်ဟာ ကုမ္ပဏီတွေရဲ့ နှစ်စဉ် အမြတ်ရာခိုင်နူန်း မှတ်တမ်းတွေကို လေ့လာကြည့်ရင်းနဲ့ အမြတ်များတဲ့ ကုမ္ပဏီတွေရဲ့ ဆုံးရှုံးနိုင်ချေ Risk ဟာလည်း ညီတူညီမျှများနေတာကို တွေ့ရှိတယ်။ အဲ့ဒီကစလို့ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုဆိုတာမရှိပါ။ ဆုံးရှုံးနိုင်ချေများလို့ အမြတ်ဟာလည်းများရတယ် Higher Risk Higher Return ဆိုတဲ့ အချက်အလက်ဟာ တွင်ကျယ်လာတယ်။

သဘောက ဘဏ်တစ်ခုမှာစုထားတဲ့ငွေဟာ အတိုးရာခိုင်နူန်းနည်းသလို ဆုံးရှုံးနိုင်ချေလည်းနည်းတယ်။ စတော့ရှယ်ယာစျေးကွက်မှာ ရင်းနှီးမြုပ်နှံတာဟာ အမြတ်များနိုင်သလို ဆုံးရှုံးနိုင်ချေလည်း ပိုများတယ်။

နောက်တစ်ခု မားကော့ဝစ် တွေ့ရှိတာက အမျိုးအစားမတူညီတဲ့ ကုမ္ပဏီတွေမှာ နည်းနည်းချင်းစီ ခွဲပြီး ရင်းနှီးမြုပ်နှံတာဟာ ကုမ္ပဏီ တစ်ခုတည်း ကုမ္ပဏီအမျိုးအစား တစ်မျိုးတည်းမှာ ပုံပြီး ရင်းနှီးမြုပ်နှံတာနဲ့ အမြတ်ရာခိုင်နူန်းချင်း တူပေမဲ့ ဆုံးရှုးနိုင်ချေ များစွာလျော့နည်းတာကို တွေ့ရှိတယ်။ Diversification လို့ ဒီနေ့ လူသိများတယ်။ မားကော့ဝစ်က သူ့ရဲ့တွေ့ရှိမှုကို Modern Portfolio Theory လို့ နာမည်ပေးခဲ့တယ်။

There is no free lunch လို့ ပြောလေ့ရှိတဲ့ ငွေအရင်းအနှီးလောကမှာ မားကော့ဝစ်ရဲ့ MPT ဟာ ယနေ့ထိတိုင် Free Lunch တစ်ခုအနေနဲ့ ကျန်ရစ်နေဆဲ သုံးနေကြဆဲ။

Wednesday, October 21, 2020

စီးပွါးရေးလုပ်ငန်းများ နဲ့ မဟာဗျူဟာ

လူတွေဟာ ကိုယ့်အတွက် အကောင်းဆုံးကို လုပ်ဆောင်ဖို့ လိုအပ်သလို လူမှုအဖွဲ့အစည်းအတွက်လည်း အကောင်းဆုံးဖြစ်စေမဲ့အလုပ်ကို လုပ်ဆောင်မှ အကောင်းဆုံးဆိုတဲ့ရလာဒ်ကို ရနိုင်တယ်။
- ဂျွန်နက်ရှ်

Strategy မဟာဗျူဟာ အကြောင်းကို လေ့လာရင်းနဲ့ ဟားဗတ် ပရော်ဖက်ဆာ မိုက်ကယ်ပေါ်တာ Prof. Michael Porter ရဲ့ ကျော်ကြားတဲ့ Competitive Strategy ကို ဖတ်ကြည့်မိတယ်။

ယနေ့ စီးပွါးရေးလောကမှာ ပရော်ဖက်ဆာ မိုက်ကယ်ပေါ်တာရဲ့ မဟာဗျူဟာ သီအိုရီဟာ အသုံးများနေဆဲလို့ သိရတယ်။ ပရော်ဖက်ဆာဟာ ခုထိ သက်ရှိထင်ရှားရှိပြီး စီးပွါးရေးလောကမှာ တတ်တတ်ကြွကြွ ပါဝင်နေတုန်းပဲဖြစ်တယ်။

ဖတ်ရင်းနဲ့ မိုက်ကယ်ပေါ်တာရဲ့ သီအိုရီဟာ John Nash ဂျွန်နက်ရှ်ရဲ့ Game Theory ဂိမ်းသီအိုရီကို အခြေခံမှန်း သတိထားမိလာတယ်။ သချာင်္ကို အခြေခံထားတာ ဖြစ်တဲ့အတွက် တခြား စီးပွါးရေးသီအိုရီ တွေလို အယူအဆ သက်သက်ချည်းမျိုး မဟုတ်ပဲ ပိုပြီး လက်တွေ့ကျသလို ခံစားမိတယ်။ အခြေခံကျတဲ့ ပြီးတော့ ဂိမ်းသီအိုရီနဲ့ ပတ်သက်နေတဲ့ အချက်သုံးချက်ကို ဝေမျှချင်စိ်တ်ဖြစ်မိတယ်။

ပထမ တစ်ချက်က စီးပွါးရေးလုပ်ငန်းတွေဟာ အကောင်းဆုံး (Competing To Be The Best) အတွက် မပြိုင်ဆိုင်သင့်ဘူး (နည်းနည်းထူးခြားသလို ရှိလိမ့်မည်)။ Unique ဖြစ်မှု သီခြားဖြစ်မှု သို့မဟုတ် ထူးခြားမှု (Competing To Be Unique) အတွက်ပဲ ပြိုင်ဆိုင်သင့်တယ်။ ဆိုလိုတာက တကယ်လက်တွေ့မှာ အကောင်းအဆိုးဆိုတာဟာ လူတွေရဲ့ အကြိုက်ပေါ်မူတည်ပြီး ပြောင်းလဲတတ်တယ်။ အကောင်းဆုံး ကားကုမ္ပဏီဆိုတာ မရှိနိုင်ဘူး။ တစုံတယောက်အတွက် အကောင်းဆုံးဖြစ်နိုင်ပေမဲ့ တခြားတယောက်အတွက် အကောင်းဆုံးဖြစ်ချင်မှ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေဟာ Unique ဖြစ်မှုအတွက်ပြိုင်ဆိုင်ခြင်းကိုပဲ Strategy မဟာဗျူဟာ လို့ခေါ်တယ်လို့ ဆိုတယ်။

နောက်တချက်က Firms စီးပွါးရေးလုပ်ငန်းတွေဟာ မိမိလုပ်ငန်း တစ်ခုတည်းအတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ Industry အင်ဒ်စထရီ တစ်ခုလုံး ကောင်းကျိုးကိုလည်း ဆောင်ရွက်ဖို့ လိုအပ်တယ်။ အင်ဒပ်စထရီတစ်ခုလုံး ကျန်းမာကောင်းမွန်နေမှ မိမိတို့ရဲ့ ကုမ္ပဏီလည်း ရေရှည်တည်မြဲနိုင်မှာ ဖြစ်တယ်။

တတိယ တချက်က ပြိုင်ဆိုင်မှုတိုင်းဟာ ကောင်းကျိုးကို ဦးတည်စေတာ မဟုတ်ဘူး။ တခါတလေ အပြန်အလှန်ပျက်ဆီးစေမှု Mutual Destruction ကို ဦးတည်သွားစေတတ်တယ်။ ဥပမာ ဇီးရိုးဆမ်း Zero Sum ပြိုင်ဆိုင်မှုဟာ ကုမ္ပဏီအတွက်ရော အင်ဒပ်စထရီ တစ်ခုလုံးအတွက် အကျိုးမဖြစ်ထွန်းစေနိုင်ဘူး။ အဲ့ဒါကြောင့် ပေါ့စတစ်ဆမ်း Positive Sum ဖြစ်မဲ့ ပြိုင်ဆိုင်မှုဟာ ကုမ္ပဏီ အင်ဒပ်စထရီ အီကိုနိုမီ နိုင်ငံအတွက် အရေးကြီးတယ်လို့ ဆိုတယ်။