Wednesday, October 21, 2020

စီးပွါးရေးလုပ်ငန်းများ နဲ့ မဟာဗျူဟာ

လူတွေဟာ ကိုယ့်အတွက် အကောင်းဆုံးကို လုပ်ဆောင်ဖို့ လိုအပ်သလို လူမှုအဖွဲ့အစည်းအတွက်လည်း အကောင်းဆုံးဖြစ်စေမဲ့အလုပ်ကို လုပ်ဆောင်မှ အကောင်းဆုံးဆိုတဲ့ရလာဒ်ကို ရနိုင်တယ်။
- ဂျွန်နက်ရှ်

Strategy မဟာဗျူဟာ အကြောင်းကို လေ့လာရင်းနဲ့ ဟားဗတ် ပရော်ဖက်ဆာ မိုက်ကယ်ပေါ်တာ Prof. Michael Porter ရဲ့ ကျော်ကြားတဲ့ Competitive Strategy ကို ဖတ်ကြည့်မိတယ်။

ယနေ့ စီးပွါးရေးလောကမှာ ပရော်ဖက်ဆာ မိုက်ကယ်ပေါ်တာရဲ့ မဟာဗျူဟာ သီအိုရီဟာ အသုံးများနေဆဲလို့ သိရတယ်။ ပရော်ဖက်ဆာဟာ ခုထိ သက်ရှိထင်ရှားရှိပြီး စီးပွါးရေးလောကမှာ တတ်တတ်ကြွကြွ ပါဝင်နေတုန်းပဲဖြစ်တယ်။

ဖတ်ရင်းနဲ့ မိုက်ကယ်ပေါ်တာရဲ့ သီအိုရီဟာ John Nash ဂျွန်နက်ရှ်ရဲ့ Game Theory ဂိမ်းသီအိုရီကို အခြေခံမှန်း သတိထားမိလာတယ်။ သချာင်္ကို အခြေခံထားတာ ဖြစ်တဲ့အတွက် တခြား စီးပွါးရေးသီအိုရီ တွေလို အယူအဆ သက်သက်ချည်းမျိုး မဟုတ်ပဲ ပိုပြီး လက်တွေ့ကျသလို ခံစားမိတယ်။ အခြေခံကျတဲ့ ပြီးတော့ ဂိမ်းသီအိုရီနဲ့ ပတ်သက်နေတဲ့ အချက်သုံးချက်ကို ဝေမျှချင်စိ်တ်ဖြစ်မိတယ်။

ပထမ တစ်ချက်က စီးပွါးရေးလုပ်ငန်းတွေဟာ အကောင်းဆုံး (Competing To Be The Best) အတွက် မပြိုင်ဆိုင်သင့်ဘူး (နည်းနည်းထူးခြားသလို ရှိလိမ့်မည်)။ Unique ဖြစ်မှု သီခြားဖြစ်မှု သို့မဟုတ် ထူးခြားမှု (Competing To Be Unique) အတွက်ပဲ ပြိုင်ဆိုင်သင့်တယ်။ ဆိုလိုတာက တကယ်လက်တွေ့မှာ အကောင်းအဆိုးဆိုတာဟာ လူတွေရဲ့ အကြိုက်ပေါ်မူတည်ပြီး ပြောင်းလဲတတ်တယ်။ အကောင်းဆုံး ကားကုမ္ပဏီဆိုတာ မရှိနိုင်ဘူး။ တစုံတယောက်အတွက် အကောင်းဆုံးဖြစ်နိုင်ပေမဲ့ တခြားတယောက်အတွက် အကောင်းဆုံးဖြစ်ချင်မှ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေဟာ Unique ဖြစ်မှုအတွက်ပြိုင်ဆိုင်ခြင်းကိုပဲ Strategy မဟာဗျူဟာ လို့ခေါ်တယ်လို့ ဆိုတယ်။

နောက်တချက်က Firms စီးပွါးရေးလုပ်ငန်းတွေဟာ မိမိလုပ်ငန်း တစ်ခုတည်းအတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ Industry အင်ဒ်စထရီ တစ်ခုလုံး ကောင်းကျိုးကိုလည်း ဆောင်ရွက်ဖို့ လိုအပ်တယ်။ အင်ဒပ်စထရီတစ်ခုလုံး ကျန်းမာကောင်းမွန်နေမှ မိမိတို့ရဲ့ ကုမ္ပဏီလည်း ရေရှည်တည်မြဲနိုင်မှာ ဖြစ်တယ်။

တတိယ တချက်က ပြိုင်ဆိုင်မှုတိုင်းဟာ ကောင်းကျိုးကို ဦးတည်စေတာ မဟုတ်ဘူး။ တခါတလေ အပြန်အလှန်ပျက်ဆီးစေမှု Mutual Destruction ကို ဦးတည်သွားစေတတ်တယ်။ ဥပမာ ဇီးရိုးဆမ်း Zero Sum ပြိုင်ဆိုင်မှုဟာ ကုမ္ပဏီအတွက်ရော အင်ဒပ်စထရီ တစ်ခုလုံးအတွက် အကျိုးမဖြစ်ထွန်းစေနိုင်ဘူး။ အဲ့ဒါကြောင့် ပေါ့စတစ်ဆမ်း Positive Sum ဖြစ်မဲ့ ပြိုင်ဆိုင်မှုဟာ ကုမ္ပဏီ အင်ဒပ်စထရီ အီကိုနိုမီ နိုင်ငံအတွက် အရေးကြီးတယ်လို့ ဆိုတယ်။

စျေးပေါလာတဲ့ ဒီဂျစ်တယ် နည်းပညာ

ဒီဂျစ်တယ်နည်းပညာ Digital Technology ဟာ တခြားနည်းပညာတိုးတက်မှုတွေနဲ့ မတူညီတဲ့အချက်က ဆတိုးနှုန်း Exponential Growth နဲ့ တိုးတက်နေခြင်းပဲဖြစ်တယ်။

Moore’s Law အရ တွက်ချက်နိုင်မှုစွမ်းအား Digital Processing Power ဟာ (၁၈) လမှာ နှစ်ဆတိုးတယ်။

Butter’s Law အရ ဆက်သွယ်နိုင်မှုစွမ်းအား Digital Communication Power ဟာ (၉) လမှာ နှစ်ဆတိုးတယ်။

Kryder’s Law အရ သိုလှောင်နိုင်မှုစွမ်းအား Digital Storage Power ဟာ (၁၃) လမှာ နှစ်ဆတိုးတယ်။

စီးပွါးရေးအရ ကြည့်မယ်ဆိုရင် ဒီဂျစ်တယ်နည်းပညာဟာ ပိုမိုကောင်းမွန်စျေးပေါလာနေတဲ့ သဘောဖြစ်တယ်။ စီးပွါးရေးလုပ်ငန်းတစ်ခုရဲ့ အရောင်းအဝယ်ကုန်ကျစရိတ် Transaction Cost ကိုလျော့ကျစေတယ်။ စားသုံးသူဖောက်သယ်တွေအတွက်လည်း ကုန်ပစ္စည်းတွေရဲ့သတင်းအချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်မှာဖြစ်တယ်။