Tuesday, October 20, 2020

ဆတိုးနှုန်း နဲ့ တိုးတက်နေတဲ့ ဒီဂျစ်တယ်နည်းပညာ

Myanmar Digital Economy Roadmap အရ ၂၀၂၀ မှာ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများမှ ဖန်တီးပေးနိုင်မည့် အလုပ်အကိုင်အရေအတွက်ဟာ တစ်သိန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၅ အထိဆို သုံးသိန်းထိရှိလာလိမ့်မယ်လို့ ဆိုထားပါတယ်။

ဟိုနေ့က တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ Digital Transformation ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ ကျွန်တော်တို့တွေ ချီတုံချတုံဖြစ်နေမိတတ်ကြတဲ့ ယေဘူယျအကြောင်းအရင်းတွေကို ဆွေးနွေးခဲ့တယ်။

(၁) ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဟာ အရေးကြီးမှန်း သိကြပေမဲ့ ဘယ်လာက်ထိ အရေးကြီးမှန်း တိတိကျကျမသိကြခြင်း
(၂) ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဟာ လက်ရှိလည်ပတ်နေတဲ့ အလုပ်ကို နှေးကွေးသွားစေမှာကို စိုးရိမ်မိကြခြင်း
(၃) ဝန်ထမ်းတွေရော အလုပ်ကိုစီမံခန့်ခွဲနေကြသူတွေပါ အိုင်တီရေးရာ ဒီဂျစ်တယ်နည်းပညာတွေမှာ မကျွမ်းကျင်ကြခြင်း

ဒီပို့စ်ထဲမှာတော့ ဒီဂျစ်တယ်နည်းပညာရဲ့ Exponential Growth ဆတိုးနူန်းနဲ့ တိုးတက်နေပုံကို ပုံပြင်လေးတစ်ပုဒ်နဲ့ နှိုင်းယှဉ် တင်ပြချင်ပါတယ်။

စစ်တုရင်ဘုတ်ကိုတီထွင်ပြီး အမတ်ကြီး လာဟူးရ်ဆစ်ဆာက ဘုရင်ကြီးကို ဆက်သတော့ ဘုရင်ကြီးဟာ ဝမ်းမြောက်တော်မူပြီး လိုရာဆုတောင်းယူဖို့ မိန့်တော်မူတယ်။ စစ်တုရင်ရဲ့ ပထမတစ်ကွက်မှာ ဆန်စေ့တစ်စေ့ စထည့်ပြီး ဒုတိယတစ်ကွက်ကနေ ခြောက်ဆယ့်လေးကွက်မြောက်ထိ နှစ်ဆစီတိုးပေးသွားဖို့ လာဟူးရ်ဆစ်ဆာကတောင်းတော့ ဘုရင်ကြီးက သဘောတူတော်မူခဲ့တယ်။

နောက်တစ်ပတ်လောက်ကြာတော့ နန်းတွင်းက သင်္ချာပညာရှင် တွေက လာဟူးရ်ဆစ်ဆာကတောင်းတဲ့ဆန်ဟာ အလွန်များကြောင်း စုစုပေါင်း 18,446,744,073,709,551,615 စေ့ဖြစ်ကြောင်း နန်းတွင်းတစ်ခုလုံးတွင်ပင် အလုံအလောက်မရှိကြောင်းလျှောက်ထားကြတယ်။ ဘုရင်ကြီးဟာ ဆတိုးနှုန်းအပေါ် မိမိရဲ့ မမှန်းဆနိုင်ခဲ့မှူအပေါ် တော်တော်အံ့ဩနေခဲ့တယ်။

ဒီဂျစ်တယ်နည်းပညာဟာ လာဟူးရ်ဆစ်ဆာရဲ့ဆန်တွေလို Exponential Growth ဆတိုးနှုန်းနဲ့ တိုးတက်နေတယ်။ စီးပွါးရေးလုပ်ငန်းတွေကတတော့ တဖြည်းဖြည်း Linear Growth လီနီယာနှုန်းနဲ့ တိုးတက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုကြတဲ့လုပ်ငန်းတွေဟာ ဒီဂျစ်တယ်နည်းပညာကိုအသုံးမပြုကြတဲ့လုပ်ငန်းတွေထက် တိုးတက်မှုနှုန်းများစွာ ကောင်းမွန်လာနေတာကိုတွေ့ရတယ်။

Monday, October 19, 2020

အရေးတကြီး ဆွေးနွေးစရာ ဒီဂျစ်တယ်စီးပွါးရေး နည်းဗျူဟာ

အင်တာနက်ကြောင့် Digital Business Model ဒီဂျစ်တယ်စီးပွါးရေးမော်ဒယ်တွေနဲ့ လုပ်ငန်းသစ်တွေ အောင်မြင်စွာပေါ်ထွန်းလာခဲ့ပြီးတဲ့နောက်မှာ Strategy is dead. ဆိုပြီးတော့ ပြောဆိုဆွေးနွေးလာကြတာတွေ ကို တွေ့ရတယ်။

တကယ်တော့ Strategy ဟာ သေဆုံးသွားတာတော့ မဟုတ်ပါ။ Strategy ဟာ အရင်ကထက် ပိုလို့တောင် အရေးကြီးလာတယ်။ ဆိုလိုတာက Traditional Strategy သမာရိုးကျ စီးပွါးရေး နည်းဗျူဟာ ဟာ အလုပ်မဖြစ်တော့ကြောင်း Digital Strategy ဒီဂျစ်တယ် စီးပွါးရေး နည်းဗျူဟာကို နားလည်ဖို့လိုအပ်ကြောင်း ပြောဆိုဆွေးနွေးလာကြတယ်။

Traditional Strategy မှာ Bruce Henderson က ကိုယ်ကျွမ်းကျင်တဲ့ အရာကို Focus ထားပြီး ကောင်းသထက်ကောင်းအောင်နဲ့ အမြောက်အများထုတ်လုပ်နိုင်အောင် ဆောင်ရွက်ဖို့ အကြံပြုတယ်။ Michale Porter က စီးပွါးရေးလုပ်ငန်းရဲ့ အဆင့်ဆင့်တိုင်းမှာ အကောင်းဆုံးလုပ်ဆောင်ပြီး Transaction Cost စုစုပေါင်းကုန်ကျစရိတ် လျော့နည်းအောင် ဆောင်ရွက်ဖို့ အကြံပြုတယ်။

Amazon ဟာ Traditional Strategy နဲ့ သွေဖယ်ပြီးတော့ အောင်မြင်လာခဲ့တယ်။ Bruce Henderson အကြံပြုခဲ့သလို တနေရာထဲမှာ Focus ထားတာမျိုး မဟုတ်ပဲ ကုန်ပစ္စည်းမျိုးစုံကို ရောင်းတယ်။ တဖက်မှာကလည်း ဒီဂျစ်တယ်နည်းပညာဟာ ဆတိုးနူန်း Exponential Growth နဲ့ တိုးတက်နေတော့ ကုန်ကျစရိတ် Transaction Cost ဟာ လျော့နည်းလာတယ်။ Amazon လိုပဲ တခြား Tech ကုမ္ပဏီတွေလည်း Traditional Strategy နဲ့ သွေဖယ်ပြီး အောင်မြင်လာတယ်။

အဲ့ဒီမှာ Digital Strategy ဒီဂျစ်တယ် စီးပွါးရေး နည်းဗျူဟာ ဟာ အရေးတကြီး ဆွေးနွေးစရာ Topic ဖြစ်လာတယ်။