Sunday, October 18, 2020

လုပ်အားသာလျှင် ပထမဦးဆုံးသော ငွေကြေး

လုပ်အား Labour သာလျှင် ပထမဦးဆုံးသော ငွေကြေးဖြစ်တယ်လို့ Adam Smith အဒမ်စမစ် က Wealth of Nations စာအုပ်ထဲမှာ ရေးခဲ့တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုဟာ ရွှေငွေသယံဇာတ မဟုတ်ပါ နိုင်ငံသူနိုင်ငံသားတွေရဲ့ စုစုပေါင်း ကုန်ထုတ်လုပ်နိုင်မှုစွမ်းအားသာ ဖြစ်တယ်လို့ ရေးခဲ့တယ်။တနည်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်းလုပ်အား ဖြစ်တယ်လို့ ဆိုခဲ့တယ်။

တိုးတက်သော နိုင်ငံတွေမှာ အလုပ်လက်မဲ့ Unemployment ပြဿနာကို အရေးတယူဆွေးနွေး ဖြေရှင်းတာ တွေ့ရတယ်။ တခြားတဖက်မှာလည်း အလုပ်အကိုင်များဖန်တီးပေးခြင်း Job creation ကို အမြဲမပြတ် လုပ်တာတွေ့ရတယ်။

အလုပ်လက်မဲ့များသော နိုင်ငံများ ဆင်းရဲကြသည်မှာ မထူးဆန်းပေ။ ကုန်ထုတ်လုပ်မှု နှေးကွေးသော နိုင်ငံများ ဆင်းရဲသည်မှာ မထူးဆန်းပေ။ အလုပ်အကိုင် မဖန်တီးနိုင်သော နိုင်ငံများ ဆင်းရဲကြသည်မှာ မထူးဆန်းပေ။

GDP ဟာ ယေဘူယျအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်း ကုန်ထုတ်လုပ်မှုကို ရည်ညွှန်းတယ်။ ဥပမာ GDP ဟာ ကိတ်မုန့်ဝိုင်းတခုလို့ဆိုကြပါစို့။ GDP ငါးရာခိုင်နှုန်းတိုးတက်လာခြင်းဟာ ကိတ်မုန့်အရွယ်အစား ငါးရာခိုင်နူန်း ကြီးထွားလာခြင်းဖြစ်တယ်။ နိုင်ငံသူနိုင်ငံသားတွေ အဖို့ ဝေမျှစရာ ငါးရာခိုင်နူန်း ပိုလာခြင်း ဖြစ်တယ်။