Tuesday, October 20, 2020

ဆတိုးနှုန်း နဲ့ တိုးတက်နေတဲ့ ဒီဂျစ်တယ်နည်းပညာ

Myanmar Digital Economy Roadmap အရ ၂၀၂၀ မှာ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများမှ ဖန်တီးပေးနိုင်မည့် အလုပ်အကိုင်အရေအတွက်ဟာ တစ်သိန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၅ အထိဆို သုံးသိန်းထိရှိလာလိမ့်မယ်လို့ ဆိုထားပါတယ်။

ဟိုနေ့က တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ Digital Transformation ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ ကျွန်တော်တို့တွေ ချီတုံချတုံဖြစ်နေမိတတ်ကြတဲ့ ယေဘူယျအကြောင်းအရင်းတွေကို ဆွေးနွေးခဲ့တယ်။

(၁) ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဟာ အရေးကြီးမှန်း သိကြပေမဲ့ ဘယ်လာက်ထိ အရေးကြီးမှန်း တိတိကျကျမသိကြခြင်း
(၂) ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဟာ လက်ရှိလည်ပတ်နေတဲ့ အလုပ်ကို နှေးကွေးသွားစေမှာကို စိုးရိမ်မိကြခြင်း
(၃) ဝန်ထမ်းတွေရော အလုပ်ကိုစီမံခန့်ခွဲနေကြသူတွေပါ အိုင်တီရေးရာ ဒီဂျစ်တယ်နည်းပညာတွေမှာ မကျွမ်းကျင်ကြခြင်း

ဒီပို့စ်ထဲမှာတော့ ဒီဂျစ်တယ်နည်းပညာရဲ့ Exponential Growth ဆတိုးနူန်းနဲ့ တိုးတက်နေပုံကို ပုံပြင်လေးတစ်ပုဒ်နဲ့ နှိုင်းယှဉ် တင်ပြချင်ပါတယ်။

စစ်တုရင်ဘုတ်ကိုတီထွင်ပြီး အမတ်ကြီး လာဟူးရ်ဆစ်ဆာက ဘုရင်ကြီးကို ဆက်သတော့ ဘုရင်ကြီးဟာ ဝမ်းမြောက်တော်မူပြီး လိုရာဆုတောင်းယူဖို့ မိန့်တော်မူတယ်။ စစ်တုရင်ရဲ့ ပထမတစ်ကွက်မှာ ဆန်စေ့တစ်စေ့ စထည့်ပြီး ဒုတိယတစ်ကွက်ကနေ ခြောက်ဆယ့်လေးကွက်မြောက်ထိ နှစ်ဆစီတိုးပေးသွားဖို့ လာဟူးရ်ဆစ်ဆာကတောင်းတော့ ဘုရင်ကြီးက သဘောတူတော်မူခဲ့တယ်။

နောက်တစ်ပတ်လောက်ကြာတော့ နန်းတွင်းက သင်္ချာပညာရှင် တွေက လာဟူးရ်ဆစ်ဆာကတောင်းတဲ့ဆန်ဟာ အလွန်များကြောင်း စုစုပေါင်း 18,446,744,073,709,551,615 စေ့ဖြစ်ကြောင်း နန်းတွင်းတစ်ခုလုံးတွင်ပင် အလုံအလောက်မရှိကြောင်းလျှောက်ထားကြတယ်။ ဘုရင်ကြီးဟာ ဆတိုးနှုန်းအပေါ် မိမိရဲ့ မမှန်းဆနိုင်ခဲ့မှူအပေါ် တော်တော်အံ့ဩနေခဲ့တယ်။

ဒီဂျစ်တယ်နည်းပညာဟာ လာဟူးရ်ဆစ်ဆာရဲ့ဆန်တွေလို Exponential Growth ဆတိုးနှုန်းနဲ့ တိုးတက်နေတယ်။ စီးပွါးရေးလုပ်ငန်းတွေကတတော့ တဖြည်းဖြည်း Linear Growth လီနီယာနှုန်းနဲ့ တိုးတက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုကြတဲ့လုပ်ငန်းတွေဟာ ဒီဂျစ်တယ်နည်းပညာကိုအသုံးမပြုကြတဲ့လုပ်ငန်းတွေထက် တိုးတက်မှုနှုန်းများစွာ ကောင်းမွန်လာနေတာကိုတွေ့ရတယ်။

Add comment

Fill out the form below to add your own comments